by, Rawt Sa (facebook)
လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်တွင် ဒီမိုကရေစီစနစ်ကို တသီးပုဂ္ဂလအခွင့်အရေး (Individual Rights) တစ်ခုတည်းဖြင့် အကောင်အထည်ဖော်၍ မပြည့်စုံနိုင်ပါ။ တိုင်းရင်းသားလူမျိုးများ လူမျိုးအလိုက်ခံစားထိုက်သော စုပေါင်းအခွင့်အရေး (Collective Rights) များကိုလည်း ထည့်သွားအကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ တနည်းအားဖြင့် ဆိုပါက__ ဒီမိုကရေစီ၏ အနှစ်သာရထဲတွင် တစ်သီးပုဂ္ဂလအခွင့်အရေးသာမက တိုင်းရင်းသားလူမျိုးများ လူမျိုးအလိုက်ခံစားထိုက်သော စုပေါင်းအခွင့်အရေး (Collective right) နှင့် ယင်း၏ အနှစ်ချုပ်ဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်လည်း ပါဝင်နေပါသည်။ ထို့ကြောင့် လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်တွင် ဒီမိုကရေစီစနစ်ကို “အမျိုးသားနိုင်ငံတော် ထူထောင်ရေး” လမ်းစဉ်ဖြင့် အကောင်အထည်ဖော်၍ မရပေ။ တသီးပုဂ္ဂလ အခွင့်အရေးများနှင့် စုပေါင်းအခွင့်အရေးများ အပါအ၀င်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သော ပြည်ထောင်စုစနစ်ဖြင့်သာ အကောင်အထည်ဖော်ရပါမည်။
ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားလူမျိုးခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သော စနစ်မှာ ဒီမိုကရေစီကျင့်စဉ်ကို တစ်သီးပုဂ္ဂလအခွင့်အရေးအရသာမက တိုင်းရင်းသားလူမျိုးများ၏ စုပေါင်းအခွင့်အရေးဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် အရပါ အပြည့်အသ အကောင်အထည်ဖော်နိုင်မည့် စစ်မှန်သော ပြည်ထောင်စုစနစ်ပင်ဖြစ်ပါသည်။ သို့ရာတွင် ၀န်ကြီးချုပ်ဦးနုသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးဆွဲခဲ့သောနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်ပြောင်းလဲ၍ ပြည်ထောင်စုစနစ်နှင့် တစ်ပြည်ထောင်စနစ်ရောနှောသော အတုအယောင် ပြည်ထောင်စုကို ထူထောင်သွားခဲ့သည်။ ဤနည်းဖြင့် ဦးနုသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖားတစ်ပိုင်း ငါးတစ်ပိုင်း အတုအယောင် ပြည်ထောင်စုစနစ်ဖြင့် ပြဌာန်းခဲ့သည်သာမက ဒီမိုကရေစီစနစ်ကိုလည်း နိုင်ငံတော်ထူထောင်ရေးဟူသော “မဟာ လူမျိုးကြီးဝါဒ” ဘောင်အတွင်းတွင် လူအုပ်ကြီးဝါဒအဖြစ် အမြီးအမောက်မတည့် တပိုင်းတစဖြင့် အကောင်အထည်ဖော်ကျင့်သုံးခဲ့ပါသည်။
ဒီမိုကရေစီစနစ်ကို လူအုပ်ကြီးဝါဒအဖြစ် တစ်သီးပုဂ္ဂလအခွင့်ရေး(၀ါ) လူတစ်ဦးမဲတစ်ပြားစနစ်မျှဖြင့် ကွက်၍အကောင်အထည်ဖော်ခဲ့သောကြောင့် ဦးနုသည် ဗုဒ္စဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် တရားဝင်ဥပဒေပြု ပြဌာန်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အကယ်၍ ၁၉၄၇ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုသည်သာ စစ်မှန်သော ပြည်ထောင်စု စနစ်ဖြစ်ခဲ့ပါက ဦးနုသည် ထိုသို့ ထင်တိုင်းကြဲ၍ လုပ်ချင်တိုင်းလုပ်ခွင့်ရမည်မဟုတ်ပါ။ စစ်မှန်သော ပြည်ထောင်စုစနစ်အရ အထက်လွှတ်တော် (၀ါ) လူမျိုးစုလွှတ်တော် သည် ပြည်နယ်များက ဦးရေတူညီသော ကိုယ်စားလှယ်များဖြင့် စေလွှတ်ကြရမည်ဖြစ်သဖြင့် အကယ်၍ နိုင်ငံတော်ဘာသာ ပြဌာန်းခြင်းဥပဒေကြမ်းကို အောက်လွှတ်တော်တွင် ဦးနုအနိုင်ရသည်ဆိုဦးတော့ အထက်လွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများ၏စုပေါင်းမဲဖြင့် ဟန့်တားနိုင်မည်ဖြစ်ပါသည်။ သို့သော် ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်မှန်သော ပြည်ထောင်စုစနစ်မဟုတ်ပဲ အတုအယောင် ပြည်ထောင်စုမျှသာ ဖြစ်သောကြောင့် အထက်လွှတ်တော်ခေါ် လူမျိုးစုလွှတ်တော်တွင်လည်း ပြည်နယ်များက ဦးရေတူညီသော ကိုယ်စားလှယ်များ စေလွှတ်ခြင်းမပြုဘဲ အောက်လွှတ်တော်ခေါ် ပြည်သူ့လွှတ်တော်ကဲ့သို့ လူဦးရေအပေါ်အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်စေလွှတ်ခဲ့သောကြောင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို အလျှဉ်းမျှ ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ချေ။
အမှန်စင်စစ်__ ပြည်ထောင်စုစနစ်တွင် ပြည်သူ့လွှတ်တော်သည် တစ်သီးပုဂ္ဂလအခွင့်အရေးကို အကောင်အထည်ဖော်သော လွှတ်တော်ဖြစ်၍ အထက်လွှတ်တော်ခေါ် လူမျိုးစုလွှတ်တော်သည် တိုင်းရင်းသားလူမျိုးများ၏ လူမျိုးအလိုက်ခံစားထိုက်သော စုပေါင်းအခွင့်အရေးဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အကာအကွယ်ပေးသည့် လွှတ်တော်ဖြစ်ရပေမည်။ သို့သော် ၁၉၄၇နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်မှာ __ အထက်လွှတ်တော်ခေါ် လူမျိုးစုလွှတ်တော်သည် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးသည့် လွှတ်တော်မဟုတ်ပဲ တစ်သီးပုဂ္ဂလအခွင့်အရေးကိုသာ ထပ်ဆင့် အကောင်အထည်ဖော်ခဲ့သောကြောင့် လူဦးရေပို၍များပြားသော ဗမာ(ခေါ်) မြန်မာတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို နှစ်ဆတိုး၍ ရရှိစေခဲ့ပါသည်။ ထို့ကြောင့် ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဦးနုကျင့်သုံးခဲ့သော ဒီမိုကရေစီစနစ်ကို “ဒီမိုကရေစီ ပြောင်းပြန်ဝါဒ” အဖြစ် ကချင်နိုင်ငံရေးသမား “ဇန်ထားရှင်” ကို တိုက်ခိုက်ဝေဖန်ခဲ့ခြင်း ဖြစ်ပါသည်။
“ဒီမိုကရေစီ ပြောင်းပြန်ဝါဒ” ကို အမျိုးသားနိုင်ငံတော်ထူထောင်ရေးဦးတည်ချက်ဖြင့် ကျင့်သုံးခဲ့သောကြောင့် ဦးနုသည် ဗုဒ္စဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ၁၉၆၁ခုနှစ်တွင် ပြဌာန်းနိုင်ခဲ့ပါသည်။ ဤနည်းဖြင့် မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ်သုံးသွယ်ထဲမှ အရေးအကြီးဆုံးသော “နိုင်ငံတော်ဘာသာ” ကို ဥပဒေဖြင့် ပြဌာန်းကာကွယ်နိုင်ခဲ့ပါသည်။ ထိုသို့ မဟာလူမျိုးကြီးဝါဒကို အကောင်အထည်ဖော်ခြင်းကြောင့် ဗုဒ္စဘာသာဝင်မဟုတ်သော တိုင်းရင်းသားလူမျိုးများထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း (Kachin Independence Organization) နှင့် ချင်း လွတ်မြောက်ရေးတပ်ဦး (Chin Liberation Army) တို့ကို ထူထောင်၍ ပြည်ထောင်စု အစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့ခြင်းဖြင့် ဆယ်နှစ်နီးပါးဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီးကို ပို၍ အရှိန်အဟုန်ပြင်းစွာ တောက်လောင်စေခဲ့ပါသည်။ ထိုမျှသာမက ဦးနုသည် ဗုဒ္စဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းခြင်းကိုမကျေနပ်ကြသောကြောင့် နိုင်ငံတော်ဖွဲ့စုအခြေအနေကို စစ်မှန်သော ပြည်ထောင်စုစနစ်ဖြင့် ပြန်လည်ပြုပြင်မွမ်းမံ ပြဌာန်းရန် ကြိုးပမ်းချက် “Federal Movement” ကြီး ပေါ်ပေါက်လာခဲ့ပါသည်။ ထို ဖက်ဒရယ်လှုပ်ရှားမှုကြီးကို ဟန့်တား၍ ဗိုလ်ချုပ်ကြီးနေ၀င်းက ၁၉၆၂ တွင် နိုင်င်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် သိမ်းပိုက်ခဲ့ပါသည်။ ဤသို့ဖြင့် ပါလီမန်ဒီမိုကရေစီစနစ်သည်လည်း “ဦးနု၏ မဟာလူမျိုးကြီးဝါဒအခြေခံ အမျိုးသားနိုင်ငံတော် တည်ဆောက်ရေးစီးမံကိန်း”နှင့် ယင်းနောက်ဆက်တွဲ အမှားများကြောင့် ကျဆုံးသွားရလေသည်။
ဗိုလ်နေ၀င်း၏ တစ်ပါတီအာဏာရှင် စနစ်နှင့် အမျိုးသားစာပေ၀ါဒ
ဗိုလ်ချုပ်ကြီးနေ၀င်းသည် “ပြည်နယ်များညီညွတ်ရေးအဖွဲ့” ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံပူးပေါင်းဆင်နွဲခဲ့သော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ပြုလုပ်တည်ဆောက်ရေး “ဖက်ဒရယ်လှုပ်ရှားမှု” ကို ဟန့်တားရန်ဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့သူဖြစ်ပါသည်။ “ဖက်ဒရယ်လှုပ်ရှားမှု” ကို ဟန့်တားခြင်းသည် ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံများ ၏ နိုင်ငံရေးတန်းတူခွင့်ကိုသာမက တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုစာပေနှင့် ရိုးရာဓလေ့ထုံးစံများ အပါအ၀င် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပါ ရုတ်သိမ်းတားမြစ်ခြင်းပင် ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ လူမျိုးအလိုက်ခံစားသင့်သော စုပေါင်းအခွင့်အရေး (Collective Rights) ၏ အခေါင်အချုပ်ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) ကို ရုတ်သိမ်းခြင်းသည် ထိုလူမျိုးများ၏ ဖြစ်တည်ခြင်းဝိဥာဉ်ကို ဆွဲနှုတ်ခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။ ၀ိဥာဉ်ဆွဲနုတ်သွားပြီးနောက် ခန္စာကိုယ် မည်ကဲ့သို့ အသက်ရှင်ရပ်တည်မည်နည်း။
ဗိုလ်ချုပ်နေ၀င်းသည် တိုင်းရင်းသားလူမျိုးများကို ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိတ်ပင်ဟန့်တားသည့် ပဏာမခြေလှမ်း အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စာပေသင်ကြားခွင့်၊ ရေးသားထုတ်ဝေခွင့်နှင့် လွတ်လပ်စွာဖြန့်ချီခွင့်အားလုံးကို ရုတ်သိမ်းခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများမိမိတို့ ဘာသာစကားပြောဆိုသုံးစွဲခြင်းကိုမူ ပိတ်ပင်ခြင်းမရှိခဲ့ပေ။ သို့သော် ဘာသာစကား၏ အသက်ဝိဥာဉ်ဖြစ်သော “စာပေ” ကာကွယ် ထိန်းသိမ်း မြင့်တင်ရေးကိုမူ လုံးဝဟန့်တားပိတ်ပင်ခဲ့ပါသည်။ ထိုမျှသာမက မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ်သုံးသွယ်ထဲမှ ဒုတိယရင်းမြစ်ဖြစ်သော “ဘာသာစကား တစ်မျိုးတည်း ရှိခြင်း” ကို နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားများကို အသုံးပြု၍ အကောင်အထည်ဖော်ခဲ့ပါသည်။ ဤသို့ဖြင့် တော်လှန်ရေး ကောင်စီ….
>>> (အပိုင်း ၄ ) >>>ဆက်မည်
*မှတ် ချက်* Dr Lian H. Sakhong (B.A.,Hons, M.A , B.D, Ph.D) မှ ရေးသား တဲ့ (တိုင်းရင်းသားလူမျိုးများအရေး နှင့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်) စာအုပ် မှ ကူးယူတင်ပြခြင်းဖြစ်သည်။
No comments:
Post a Comment